ရွှေမြန်မာတွေ ဘိန်းစွဲသလိုစွဲနေတဲ့ ထိုင်းနိုင်ငံ စတော့ခ်အိပ်ချိန်း နှစ်လုံးထီ ကိန်းဂဏန်းများ နောက်ကွယ်..

Posted on

“ ကလေး မုန့်ဖိုး အစိုးရ ပေးနိုင် ပါစေ ”

‘မေမေ မုန့်ဖိုး ’ ‘သေနာလေး…ဒီမှာ နှစ်လုံးမပေါက်တဲ့ကြား ထဲ ဒင်းက တစ်မှောင့်’ ကြားလိုက်ရတဲ့ အသံက ကျွန်တော့် ကို တော်တော် ကြက်သီးထသွားစေသည်။ မုန့်စားဆင်းချိန် သူများတွေ မုန့်စား သလို စားချင်၍ မိခင်ထံ တွင် မုန့်ဖိုးပြန် လာတောင်း သည့် ကလေးငယ် ကို မိခင်ဖြစ်သူ ကိုယ်တိုင် တုံ့ပြန်လိုက်သည့် စကားက ထိုကလေးငယ် ဘယ်လိုခံစား လိုက်ရ သည်တော့ မသိ ၊ ဘေးကကြား လိုက် ရ သည့် ကျွန်တော့် အတွက်တော့ တော်တော်ကြီး ကို ရင်ထဲမချိဖြစ် သွား ရ သည် ။

မြန်မာပြည် ရှိ သား သည် မိခင် တစ်ယောက် အဘယ့်ကြောင့် ထိုကဲ့သို့ မိမိ၏ သားငယ် ကို ဆက်ဆံပြုမူရ သ နည်း ။

‘ဘာထွက်သွားလဲ ဆိုတဲ့ အသံ’ နေ့စဉ် ရပ်ကွက်ထဲ မှာ တစ်ရက်ကို နှစ်ကြိမ်ကြားနေရသည်။ ပြည်သူတွေကြား မှာ ဘိန်းစွဲသလို စွဲနေတဲ့ လောင်းကစားတစ်ခုဖြစ်တဲ့ နှစ်လုံးလောင်းကစားဟာ နိုင်ငံရဲ့ မီးဖိုချောင်ကို ကိုင်တွယ် ထိန်းသိမ်းနေရသူ အိမ်ရှင်မတွေကြားမှာ ဗိုင်းရပ်စ်ရောဂါပိုး တစ်ခု လို အမြစ် တွယ်ပြန့် ပွားနေ သည်။ ဝင်ငွေကောင်း သည့် အိမ်ထောင်စုရော ဝင်ငွေမကောင်းသည့် တစ်နေ့လုပ်တစ်နေ့စား အိမ်ထောင်စုများ ၏ အိမ်ရှင်မများပါ တစ်ရှိုက် မက်မက် စွဲလမ်းနေသည့် ဒီနှစ်လုံး လောင်းကစား ကို စပေါ်သည့် အချိန်မှစ၍ ယနေ့အချိန်အထိ အမြစ်ပြတ်အောင် မနှိမ်နင်းနိုင်ခဲ့ခြင်းက မြန်မာ့လူ့ အဖွဲ့အစည်းအတွင်းက ယဉ်ကျေးမှုတွေကို ပျက်သုန်းစေခဲ့ သည် ။

တကယ် တမ်း ကျ ဒီကစားနည်း သည် ထီကစားနည်း မဟုတ်ပေ။ ဒီနှစ်လုံးလောင်း ကစားနည်း ကို အစဖော်ခဲ့သည့် လူတစ်စု က အစိုးရကလစဉ်ဖွင့် လှစ်ပေးခဲ့သည့် အောင်ဘာလေထီ သိန်း ၅ဝ ပေါက်ဂဏန်း ၏ နောက်ဆုံးနှစ်လုံး ကို ပေါက်ဂဏန်း အဖြစ် သတ်မှတ်ပြီးကစားခဲ့သောကြောင့် နှစ်လုံးထီလို့ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော် က အောင်ဘာလေထီပေါက် ဂဏန်း ကို အမှီပြု ၍ နှစ်လုံးထီလောင်းကစား ကို တရားမဝင် တွင်တွင်ကျယ်ကျယ်လုပ်ခဲ့သဖြင့် ပြည်တွင်းအခွန်များ ဦးစီးဌာနက ထီဖွင့်ရက်ကို တစ်လကို ခုနှစ်ရက်လုပ်ရာမှ တစ်ရက် တည်းဖြင့် ထီဆု အားလုံး ကို ဖွင့်လှစ်ပေးခဲ့ရာ ဘုရားပွဲတော်လို စည်ကားခဲ့သည့် နှစ်လုံးထိုးပွဲတော်ကြီး မြန်မာနိုင်ငံမှာ အချိန်ကာလတစ်ခုအနေဖြင့် ရပ်တန့်သွားခဲ့ သည် ။

ထိုသို့ရပ်တန့်သွားသည်မှာ အချိန်သိပ် မကြာလိုက်ပါ ။ ဒီနှစ်လုံး ထီလောင်းကစား ကို အစပြိုးခဲ့သူ (ဝါ) ဒီလောင်းကစားနည်း နဲ့ စီးပွားဖြစ်ခဲ့သူပင်မဒိုင်တွေက နှစ်လုံးလောင်းကစား ကို ထိုင်းနိုင်ငံက နေ့စဉ်ပြုလုပ်နေသည့် စတော့ခ်ဈေးကွက်က နေ့စဉ်ပြောင်းလဲနေသည့် ကိန်းဂဏန်းများကို အခြေပြု၍ ပြန်လည်အသက်သွင်းခဲ့ကြသည်။ ထိုဉာဏ်ကြီးရှင်များ၏ ကျားကုတ်ကျားခဲ အားထုတ်မှုကြောင့် ယခင် တစ်လ လျှင် ခုနှစ်ရက်သာ အလောင်းအစားပြုလုပ်နိုင်ခဲ့သည့် နှစ်လုံးထီလောင်းကစားမှာ တစ်လလျှင် ရက်ပေါင်း၂ဝ ကျော် ကစားနိုင်သည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ ထို့အပြင် ယခင် မြန်မာ နှစ်လုံးထီ ဟုခေါ်သည့် အောင်ဘာလေထီ ကို အမှီပြု၍ ပြုလုပ်ခဲ့ချိန်တွင် မြန်မာနိုင်ငံ ၏ ဆက်သွယ်ရေး အခြေအနေအရ တောရွာများသို့ပျံ့နှံ့မှု အားနည်းခဲ့သော်လည်း ယခု ထိုင်းနိုင်ငံ ၏ စတော့ခ်ဈေးကွက်ကို အခြေပြုပြီး အလောင်းအစား ပြုလုပ်သည့်အချိန်တွင်မူ ဂြိုလ်တု စလောင်းတစ်စုံရှိသည် ဆိုရုံဖြင့် တောရွာတစ်ရွာ တွင် ယင်းနှစ်လုံးလောင်း ကစားကို ပြုလုပ်လာနိုင်ခဲ့ကြသည်။

ဒီနေရာမှာ ထိုင်းနှစ်လုံးထီကို ဘယ်လို ကစားကြသည် ။ ဒီပေါက်ဂဏန်းအဖြစ်ကစား ကြတဲ့ ကိန်းဂဏန်းတွေ အကြောင်း ကို စိတ်ဝင်စား၍ လေ့လာမိသည်။

ထိုင်းနှစ်လုံး ထီပေါက်ဂဏ န်းက တစ်ရက် ကို ပျမ်းမျှ အားဖြင့် မနက်၊ နေ့လယ်၊ ညနေ ဆိုပြီး သုံးကြိမ်ထွက်သည်။ တချို့နေရာတွေမှာ နေ့လယ်နဲ့ ညနေ နှစ်ကြိမ်သာ ကစားကြသော်လည်း တချို့နေရာများတွင် မနက် ၊ နေ့လယ်၊ ညနေဆိုပြီး သုံးကြိမ်လုံး ကစားကြ ပါတယ်။ ပေါက်လျှင်လျော်ကြေး ကလည်း အဆ ၇ဝ၊ ၈ဝ ဆိုပြီး အမျိုးမျိုးရှိတတ်သည် ။

ဒီပေါက်ဂဏန်းတွေ ကို ထိုင်းနိုင်ငံ စတော့ခ်အိပ်ချိန်းတွင် မှတ်ပုံတင်ရောင်းဝယ်နေသည့် စတော့ရှယ်ယာကုမ္ပဏီ အားလုံး၏ အရေအတွက်နှင့် ယင်းအစုရှယ်ယာတန်ဖိုး စုစုပေါင်း၏ အရေအတွက် ကိန်းဂဏန်းတွေက တစ်ဆင့် ရယူခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်များကို ပြည်တွင်းရှိ နှစ်လုံးလောင်းကစားဒိုင်အချို့ပင် ရေရေလည်လည် သိရှိခြင်းမရှိကြောင်း သိရသည်။

ထိုနှစ်လုံးထီလောင်း ကစား ၏ ပေါက်ဂဏန်းဖြစ်ပေါ်ပုံနှင့် ပတ်သက်၍လည်း စတော့ခ်အိပ်ချိန်း ကျွမ်းကျင်သူ Thura Swiss သုတေသနနှင့် စီးပွားရေး အကြံပေးကုမ္ပဏီ ၏ စီအီးအိုဦးအောင်သူရကို မေးမြန်းကြည့်ရာ ယင်းနှစ် လုံးပေါက်ဂဏန်း ကို ထိုင်းစတော့ခ်ဈေးကွက် သဘောအရ ထိပ်စီးဂဏန်းမှာ အစုရှယ်ယာစုစုပေါင်း၏ အရေအတွက်ဖြစ်သဖြင့် ပြင်နိုင်ရန်ခက်ခဲကြောင်းသိရပြီး နောက်ပိတ် ဂဏန်းမှာမူ ထိုင်းနိုင်ငံဖက်မှ အစုရှယ်ယာ လုပ်ငန်းကြီးကြီးမားမား လုပ်ကိုင်နေသူများအနေဖြင့် မြန်မာနိုင်ငံမှ တရားမဝင် နှလုံးထီလုပ်ငန်းတွင် ပါဝင်ပတ်သက်နေပါက ပြင်နိုင်ရန်ဖြစ်နိုင်ခြေရှိကြောင်း သိရ သည်။

ကိုယ်တိုင် နှစ်လုံးထိုးသူများ၏ပြောစကားအရလည်း နှစ်လုံး လောင်းကစားမှု ပြုလုပ်ရာ တွင် သုညမှ ကိုးအထိ ဂဏန်း ၁ဝ လုံးကို ပူး၍ အကွက် ၁ဝဝ ကို ထိုးသားမှ ကြိုက်ရာထိုးရခြင်းဖြစ်သော်လည်း အချို့ရက်များတွင် ဒိုင်လုပ်သူမှ ဂဏန်းတစ်ခုချင်းစီကို သော်လည်းကောင်း၊ အကွက်တစ်ကွက်ချင်းစီကိုသော်လည်းကောင်း ထိုးခွင့်မပေးဘဲ ပိတ်ထားလေ့ရှိကြောင်း သိရသည်။ ထိုကဲသို့ ထိုးသားများကို ထိုးခွင့်ပိတ်ထားသည့် ဂဏန်းများ ကလည်း အများအားဖြင့် ပေါက်ဂဏန်းများ ဖြစ်နေတတ်ကြောင်း ကိုယ်တိုင် နှစ်လုံးထီ လောင်းကစား ကို ဒိုင်ကိုင်နေသူ တစ်ဦး၏ ပြောပြချက်အရသိရသည်။ ထိုသို့ ပိတ်ဂဏန်းများ ကိုလည်း ဒိုင်ချုပ်များ က သတ်မှတ်ပေးခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။

ယင်းသို့ဆိုလျှင် ယင်းလောင်းကစားနည်း သည် တရားမဝင်သည့် အပြင် ဒိုင်ဖက်မှ ပေါက်ဂဏန်းများကို ကြိုက်သလို ချယ်လှယ်၍ ရသော မမျှတသည့် လောင်းကစားနည်းတစ်ခုဖြစ်ကြောင်း သိနိုင်ပေသည်။ သို့သော် မြန်မာ နိုင်ငံသားများတွင် အရိုးစွဲနေသည့် ရောဂါကြောင့် တရားသည် မတရားသည် မသုံးသပ်နိုင်တော့ဘဲ ဆက်လက်ပြုလုပ်နေခြင်းကြောင့် ယင်းလောင်းကစားမှာ မြန်မာနိုင်ငံတွင် သက်ဆိုးရှည်စွာ ပန်းပန်လျက်ရှိနေမြဲဖြစ်သည်။

ဤနေရာတွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားသည့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်နှင့် အခန်းကဏ္ဍကို မေးခွန်းထုတ်စရာများဖြစ်လာသည်။ နှစ်လုံးထီ ဒိုင်ကပေးသည့် လိုင်းကြေးကို မှီခိုနေရသည့် တရားဥပဒေဘက်တော်သားများကြောင့် ယင်းလောင်းကစားသည် မြို့ရွာအနှံ့တွင် တရားဝင်နီးပါး ဖြစ်လာကြသည်။ ယင်း၏အကျိုးဆက်က နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်း အမြစ်များ၊ အချိန်များကို တိုက်ရိုက်သော် လည်းကောင်း၊ သွယ်ဝိုက်၍လည်းကောင်း ဖျက်စီးခြင်းခံနေရသည်။ လူတစ်ဦးချင်း၊ မိသားတစ်စု၊ လူ့အဖွဲ့အစည်းတစ်ခု ၏ ဂုဏ်သိက္ခာ၊ လုပ်အားနှင့် ကြိုးစားအားထုတ်မှုတို့ တဖြည်းဖြည်း မှေးမှိန် လာသည်။

တရားဥပဒေ ဘက်တော်သားများ အကျင့် ပျက်ခြစားမှုတို့ ကို ထင်ထင်ပေါ်ပေါ် ပြုကျင့် ရဲလာသည်။ အောက်ခြေမှ မြို့နယ်အဆင့် ရဲစခန်းများတွင် လိုင်းကြေးခွဲရသည့်အလုပ်မှာ အပတ်စဉ် လုပ်ငန်းတာဝန်တွေထဲ ပါဝင်လာသည်။

တကယ်တမ်း နှစ်လုံးဒိုင်တွေ ကို ဖမ်းဆီးသည် ဟု ကြားတိုင်းလည်း အောက်ခြေလက်ခွဲ ဒိုင်များသာ ဖြစ်နေတတ် သည်။ ဒိုင်ချုပ်ဆိုသူများ၊ သိန်းထောင်ချီ လောင်းကစားနေသူများကို ဖမ်းဆီးမိသည်ဆိုသည်ကလည်း မရှိသလောက်ရှားသည်။ နိုင်ငံတစ်ခု၏ တရားဥပဒေစိုးမိုးရေးတွင် ပါဝင်သည့် အင်စတီကျူးရှင်းများအနေဖြင့် အရပ်ထဲလမ်းထဲတွင် တရားဝင် ခုံခင်းကာပြုလုပ်နေသည့် လောင်းကစား တစ်ခုကို အမြစ်ပြတ်အောင်ပြုလုပ်ရန်သည် ခက်ခဲသောလုပ်ငန်းစဉ်တစ်ခုမဖြစ်နိုင်ပေ။ အကျင့်ပျက်လာဘ်စားနေခြင်းကြောင့် ကြုံရာကျပန်း အရေးယူနေမှု (Random Campaing ) ကြောင့် ပြည်သူ့တန်ဖိုး (Civic Value) များထိခိုက်နေမှုများဖြစ်ပေါ်နေသည် ဆိုသည်ကို အထက်ပိုင်းတာဝန်ရှိသူများ ရေရေရာရာသိရှိရန်သာ လိုအပ် ပါသ ည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ စနစ်အလွဲများကို ကျင့်သုံးခဲ့မှုကြောင့် လက် ရှိ နိုင်ငံတည်ဆောက်နေချိန်တွင် အခက်အခဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ဖြေရှင်းနေ ရပါသည်။ ဒီမိုကရေစီ ၁၀ နှစ်သက်တမ်းသို့ရောက်ရှိလာသည့် အပြောင်းအလဲ ကာလတွင် ကျွန်တော် တို့ အောင်မြင်သည်များ ရှိခဲ့သလို ရှုံးနိမ့်မှု၊ အားမရမှု၊ စိတ်ပျက်မှုများ လည်း ရှိခဲ့သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ ရလဒ်ကြောင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်တာဝန်ယူ ရသည့် အစိုးရတစ်ရပ် ကို နိုင်ငံသားများ ပိုင်ဆိုင်ခွင့်ရလာခဲ့ပြီဖြစ် ပါသည် ။ ရွေးကောက်ပွဲများမှသည် ဒီမိုကရက်တစ်ဆန် သည့် အစိုးရများကို ပိုင်ဆိုင်နိုင်သည် ဆိုသော်လည်း အပြည့်အဝယုံကြည်ကိုးစားနိုင်သည့် ပြီးပြည့်စုံသည့် အစိုးရမျိုးတော့ ရရှိနိုင်မည်မဟုတ်သည် ကိုလည်း ကျွန်တော်တို့ နှလုံးသွင်းထားနိုင်ရန် လိုပါသည်။

မည်သို့ပင်ဆိုစေကာမူ လူတစ်ဦး တစ်ယောက်ချင်း တိုးတက်မှသာ နိုင်ငံတိုးတက်သည် ဆိုသည့် အဆိုအရ အခြေခံလူတန်းစားများ ဘဝတိုးတက်ရေးအတွက် အဟန့်အတား ဖြစ်နေသည့် နှစ်လုံး လောင်းကစား ကို အမြစ် ဖြတ်နိုင်ရန် ၊ မုန့်ဆာနေသော ကလေးငယ် ကို မိခင် မှ စိတ်လက်ကြည်သာစွာ ဝယ်ကျွေးနိုင်ရန် လက်ရှိ အစိုးရ နှင့် နောင်ထပ်ဖြစ် လာမည့် မြန်မာနိုင်ငံ ၏ အစိုးရ အဆက်ဆက် တွင် တာဝန်ရှိ ပါကြောင်း။

ကြေးမုံဆောင်းပါး (သီဟသူ)

Leave a Reply

Your email address will not be published. Required fields are marked *